တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက် မွန်းလွဲပိုင်းက ကံလှကန်ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညဏ်သိန်းနှင့် ဦးလွှမ်းမိုးထက်တို့က အမှာစကားများပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ပြည်သူ့စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့ကိုဆွေးနွေးကြရာ တက်‌ရောက်လာသည့် ပြည်သူများက ကျေးလက်လမ်းကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး‌ရေရှိရေး၊ သန့်ရှင်းသာယာလှပရေးစသည့် ဒေသဖွံ့ဖြိုး‌ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုသည်များ၊ လိုအပ်ချက်များကို တင်ပြမေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက  ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။ အဆိုပါပြည်သူ့စကားဝိုင်းသို့ ကံလှကန်ကျေးရွာအတွင်းရှိ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးမျိုး(ဗိဿနိုးမြေ)