မကွေးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ၌ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ အမှန်တကယ်သုံးစွဲမှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

မကွေး ဇူလိုင် ၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏လမ်းညွှန်ချက်အရ တိုင်းဒေသကြီး စက်မှုလုပ်ငန်းသုံးဆီကြီးကြပ်ရေးအဖွဲ့ဝင်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ (MSMEs)လုပ်ငန်းများဖြစ်သည့် ပဲကြော်လုပ်ငန်းများ၊ အာလူးကြော်နှင့်အကြော်စုံလုပ်ငန်းများ၊ မုန့်မျိုးစုံလုပ်ငန်းများအား လုပ်ငန်းအမျိုးအစားအလိုက် ထုတ်ယူရရှိသည့် စားအုန်းဆီများအားလုပ်ငန်းများတွင် အမှန်တကယ်သုံးစွဲခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များရယူထားခြင်း ရှိ/မရှိ၊ မိမိတို့လုပ်ငန်းများအတွက် အခွန်ပေးဆောင်ထားခြင်းရှိ/မရှိတို့ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ဇူလိုင်လ၁၆ ရက်နေ့မှစတင်၍ တစ်ပြိုင်တည်း မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် မကွေးခရိုင်အတွင်းရှိ လုပ်ငန်း ၄၅ ခု၊ မင်းဘူးခရိုင်အတွင်းရှိ လုပ်ငန်း ၁၅ ခု၊ သရက်/ အောင်လံခရိုင်တွင်လုပ်ငန်း ၁၅ ခု နှင့် ပခုက္ကူခရိုင်တွင် လုပ်ငန်း ၇ ခု၊ စုစုပေါင်း လုပ်ငန်း ၈၂ ခုတို့အား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့်မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)