ပွင့်ဖြူ ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး (၅၇၆၅) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် (၁၀၅) ဒသမ (၁၂) တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီက စပါး (၁၂၂၀၀) ဧက စိုက်ပျိုးခဲ့ပြီး အဆိုပါ နွေစပါးစိုက်ခင်းများကို ယခုနှစ် ဇွန်လမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် (၅၇၆၅) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် (၁၀၅) ဒသမ (၁၂) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စပါး (၁၂၂၀၀) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ဇွန်လက စတင်ရိတ်သိမ်းခဲ့ရာမှာ ဒီနေ့ထိ (၅၇၆၅) ဧက ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ နွေစပါး ရိတ်သိမ်းခြွေလှေ့တာနဲ့ ပတ်သက်ပြီး အထွက်နှုန်းတွေ လျော့နည်းမှုမဖြစ်အောင် အချိန်မီ ရိတ်သိမ်းကြဖို့နဲ့ ရိတ်သိမ်းပြီး စပါးတွေကို အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ သိုလှောင်သိမ်းဆည်းကြဖို့ နည်းပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စပါးစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက တစ်ဧက အထွက်နှုန်း တိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းများ ထွက်ရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တောင်သူပညာပေးဆွေးနွေးပွဲများနှင့် ကွင်းသရုပ်ပြပွဲများ ကျင်းပဆောင်ရွက်ပေးခြင်း စသည့် တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်သူများအနေဖြင့် စပါးကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )