မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးတက္ကသိုလ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မကွေး ဇူလိုင် ၁

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့်မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲက မကွေးတက္ကသိုလ်ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသွားရောက်၍ ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာသန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ တက္ကသိုလ်ရှိ ဆရာ/ဆရာများနှင့် ကျောင်းသား /ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များအား မှာကြားခဲ့သည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုအဖွဲ့အစည်းများစုပေါင်း၍ မကွေးတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအားခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်းစသည့်တို့ကို ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား အချိုရည်၊ မုန့်၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်းသိရှိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)