ပွင့်ဖြူ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၉၂၂၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး ၇၀၀၃၃ ဧက စိုက်ပျိုးရန်လျာထားပြီး ဇူလိုင်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၉၂၂၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ စပါး ၇၀၀၃၃ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ စပါး ၉၂၂၄ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ တောင်သူတွေကိုလဲ စပါးစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းများ ကောင်းမွန်စေဖို့အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲဖို့နဲ့ ရွှေခရုရောဂါ ကင်းဝေးစေဖို့ စိုက်ပျိုးရေး အသိပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆန်စပါးစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန် စပါးစိုက်ပျိုးတောင်သူများကို အထွက်နှုန်းကောင်းသော စပါးမျိုးများ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါ ကင်းရှင်း စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မိုးစပါးလျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားလာမည် ဖြစ်သောကြောင့် စပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)