ပခုက္ကူ ဇူလိုင် ၁၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် "နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတပြည့်စုံစေရေး ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာအုပ်၊ စာပေကောင်းများ ဖတ်ရှုလေ့လာတတ်ကြစေရန်၊ ဖတ်ရှုလေ့လာထားသော အသိပညာဗဟုသုတများကို အချင်းချင်းကြား အပြန်အလှန်မျှဝေဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူပေးခြင်းဖြင့် စကားပြောစွမ်းရည် ကျွမ်းကျင်တတ်မြောက်လာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်ခြင်းဖြင့် လူငယ်များအကြား ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ကြစေရန်၊ နိုင်ငံတော်လွတ်လပ်ရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် တန်ဖိုးထားမြတ်နိုးတတ်စေရန်တို့အတွက် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပခုက္ကူတက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာလှထူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး ရုက္ခဗေဒဌာနမှ မဟာသိပ္ပံ(ပထမနှစ်) ကျောင်းသား မောင်ခန့်မင်းသန့်၊ သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း(တတိယနှစ်) ကျောင်းသား မောင်ဟန်လင်းဌေး၊ မြန်မာစာဌာနမှ ဂုဏ်ထူးတန်း(ပထမနှစ်) ကျောင်းသား မောင်တိုးသျှံကို၊ အရှေ့တိုင်းပညာဌာနမှ စတုတ္ထနှစ်ကျောင်းသား မောင်မျိုးဇင်အောင်၊ အင်္ဂလိပ်စာဌာနမှ စတုတ္ထနှစ်ကျောင်းသား မောင်ချို၊ ဒဿနိကဗေဒဌာနမှ ပထမနှစ်ကျောင်းသား မောင်ထင်မျိုးအောင်တို့က (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် "နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး" ခေါင်းစဉ်ဖြင့် ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)