ပန်းတနော်မြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ

ပန်းတနော် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စွမ်းရည်ထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ပန်းတနော်မြစ်အတွင်း၌ လက်တွေ့ ဆောင်ရွက်ကြသည်။

အဆိုပါ လက်တွေ့လေ့ကျင့်မှုတွင် ပန်းတနော်မြစ်အတွင်း လှေငယ်ဖြင့် ရေကြောင်းခရီး သွားလာနေသော ပြည်သူနှစ်ဦးသည် လှေတိမ်းမှောက်၍ ရေနစ်မြုပ်ခြင်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပြီး နီးစပ်ရာသို့ အကူအညီတောင်းခံခြင်းကို မြို့နယ်မီးသတ်စခန်းသို့ ဖုန်းဆက်သတင်းပို့ အကြောင်းကြားခြင်းဖြင့် စတင်ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။

သတင်းရရှိသည်နှင့်တစ်ပြိုင်နက် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက Assault Boat (၁) စီး၊ ပိုက်ကတ်စက်လှေ (၂) စီးတို့ဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ချက်ချင်းထွက်ခွာခဲ့ကြသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ရေနစ်မြုပ်နေသူများထံသို့ အသက်ကယ်ဘောကွင်းအား ဘုလည်သီးဆတ် ကြိုးချည်နည်းဖြင့် ပစ်ပေးခြင်း၊ တပ်ဖွဲ့ဝင်တစ်ဦးမှ မိမိခါးတွင် Guide Line ကြိုးချည်၍ ရေနစ်မြုပ်နေသူအား လက်တွေ့ကယ်ဆယ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ထိုသို့ ကယ်ဆယ်ရာတွင် ကယ်ဆယ်ရေးသမားများ၏ Safety (ဘေးကင်းလုံခြုံရေး) အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များကို စနစ်တကျ ဝတ်ဆင်၍ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ရေနစ်မြုပ်နေသူများအား Assault Boat ပေါ်သို့ ကယ်ဆယ်တင်ဆောင်ကာ မြစ်ကမ်းစပ်သို့ ခေါ်ဆောင်လာခဲ့ပြီး မြစ်ကမ်းစပ်တွင် အသင့်စောင့်ဆိုင်းနေသော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အရေးပေါ်ရှေးဦးသူနာ ပြုစုနည်း (First Aid) ဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြသည်။ ၎င်းနောက် လူနာများအား ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ အချိန်မီ ပို့ဆောင်ကုသနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ Ambulance (လူနာတင်ယာဉ်) ဖြင့် အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြသည်။

ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့ဝင်များက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အလားတူ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်အတူ ပြည်သူများကလည်း တိကျမှန်ကန်သော သတင်းပေးပို့မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားကာ ရေပြင်ရှာဖွေကယ်ဆယ်ရေး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)