သံဖြူဇရပ်မြို့ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

သံဖြူဇရပ် ဇူလိုင် ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် (၇၉) နှစ်မြောက် အထိမ်းအမှတ် လူငယ်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန) ၌ ပြုလုပ်သည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်အမှတ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည် (၉) ဦး၏  အထ္တုပ္ပတ္တိကိုပြောကြားပြီး၊   စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း၏အထ္တုပ္ပတ္တိ၊ သဘာဝဘေးဆိုင်ရာသိကောင်းစရာများ၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)