ကြံခင်းမြို့နယ်၌ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကြံခင်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဖလားဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ၃ နာရီက အဆိုပါကျောင်းရှေ့ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။ 

ဦးစွာ ဗိုလ်လုပွဲအား ဘုရင့်နောင်အသင်းနှင့် အနော်ရထာအသင်းတို့ အကြိတ်အနယ်ကစားကြရာ ဘုရင့်နောင်အသင်းက အနော်ရထာအသင်းကို ခြောက်ဂိုး၊ နှစ်ဂိုးဖြင့် ပထမဆုဖလားကို ရယူခဲ့ကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ စစ်ကျောင်းမှူးကဦးဆောင်၍ ကွင်းအတွင်း နေယူကြပြီး၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အမှာစကား ပြောကြာခဲ့သည်။ ဆက်လက်၍  အ.ထ.က(ဘက်ရဲ) ကျောင်းအုပ်ဆရာမကြီးက တတိယဆုရရှိသော ကျန်းစစ်သား အသင်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော အနော်ရထာအသင်းအား ဘက်ရဲမြို့ အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ပထမဆုရရှိသော ဘုရင့်နောင်အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်တို့က ဆုဖလားနှင့် ဆုတံဆိပ်များကိုပေးအပ်ပြီး၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းသားများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ကျောင်းကော်မတီဥက္ကဋ္ဌ၊ အလှူရှင်များက လည်ဆွဲဆုတံများပေးအပ်ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီဖလားဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပါဝင်ကူညီကြသောဌာနဆိုင်ရာများ၊ အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါကျောင်းကောင်စီဖလားပြိုင်ပွဲကို Grade-10, Grade-11, Grade-12 ကျောင်းသားများဖြင့် ဇူလိုင် ၁၃ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ အသင်း ၅ သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)