ပုသိမ် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြို့ရွာများသန့်ရှင်းသာယာရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် စည်းကမ်းရှိသော မြို့များဖြစ်စေရေးအတွက် အဓိကတာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေကြသော စည်ပင်သာယာရေး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ အလေးထားလိုက်နာကျင့်သုံးရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် မြို့နှင့်ပြည်သူလူထုအတွက် ထိရောက်အကျိုးရှိသော လုပ်ငန်းများဖြစ်အောင် စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း၊ ခွဲဝေချထားပေးသောဘဏ္ဍာငွေများ သုံးစွဲဆောင်ရွက်ရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေအလွင့်မရှိအောင် ခြိုးခြံချွေတာစွာ သုံးစွဲဆောင်ရွက်ရန်လိုပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသပ်ရပ်သော၊ စည်းကမ်းရှိသောမြို့များ ဖြစ်ပေါ်လာအောင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာပြီးနှစ်အလိုက် စီမံကိန်းများ၊ စီမံချက်များ စနစ်တကျရေးဆွဲပြီး ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ စည်ပင်သာယာရေးဝန်ထမ်းများအားလုံးမှ ကြိုးစားဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုမှ ဥပဒေလိုက်နာပြီး ပူးပေါင်းပါဝင်လာစေရန်အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်း မြို့နယ်၊ မြို့များသန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက မြို့နယ်၊ မြို့များ၏ စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုနှင့် အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)