သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာစာ စာလုံးပေါင်း သတ်ပုံပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သဲကုန်း ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြန်မာစာအရေးအသားမှန်ကန်စွာ ရေးသားတတ်စေရန်၊ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်၍ ယမန်နေ့က မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပကို ကျင်းပ​ပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ယနေ့ခေတ်လူငယ်၊ လူရွယ်များမြန်မာစာပေကို ချစ်မြတ်နိုးတတ်စေရန်၊ မြန်မာစာပေ ရေးသားရာတွင် စာလုံးပေါင်းသတ်ပုံမှန်ကန်စေရန်၊ မြန်မာစာပေကိုအရေး၊ အပြောတို့တွင် မှားတတ်သော စကားလုံးများကို သိရှိစေရန်၊ မြန်မာစာပေအရေးအသား ထူးချွန်ထက်မြတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားသည်။

အဆိုပါ အလယ်တန်းအဆင့် မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာစာသတ်ပုံစာလုံးများအား အမှား၊ အမှန်ယှဉ်တွဲ၍ အမှန်ရွေးချယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ အမှတ်တရဆု လက်ဆောင်များ အသီးသီးပေးအပ်ခဲ့‌ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ကိုကျော် (သဲကုန်း)