မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု၊ PUBG Mobile Company နှင့် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်တို့၏ ကူညီထောက်ပံ့မှုတို့ဖြင့် ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီးအခြေခံပညာရေး မိသားစုဖလား အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ PUBG Mobile ကုမ္ပဏီနှင့် ရုပ်ရှင်သရုပ်ဆောင် နေထူးနိုင်နှင့်အဖွဲ့များ၊  အုပ်ချုပ်သူနည်းပြများ၊ ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲဝင် ဘောလုံးအသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်‌ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကား ပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

ထို့နောက် အလှူရှင်ရုပ်ရှင်သရုပ်‌ဆောင် နေထူးနိုင်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်‌တို့က ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကာ ကျောင်းသူလေးများက "ထာဝရမြန်မာ" သီချင်း၊" အာရှမြန်မာ" သီချင်း နှင့် PE (22) Fitness Exercise အကများဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး အခြေခံပညာရေးမိသားစုဖလား အသက် (၁၄) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် (ပခုက္ကူ)ခရိုင်နှင့် (မကွေး) ခရိုင်လက်‌ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါအခြေခံ ပညာကျောင်းပေါင်းစုံအမျိုးသားဘောလုံး ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက် နေ့မှ ၂၀ ရက်နေ့အထိ အုပ်စု (၂)စု ခွဲ၍ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)