ပခုက္ကူ ဇူလိုင် ၁၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ် ပေါင်းစုံစစ်တုရင်နှင့် စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က "အဆင့်မြင့်တက္ကသိုလ်ပညာရပ်များအပြင် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသည့် ကျောင်သား၊ ကျောင်သူ(လူငယ်)များဖြစ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အကြား ချစ်ခင်စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ရပ်ရွတ်ဆိုကြပြီး ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက စစ်တုရင်နှင့် စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲ ဖွင့်လှစ်ပေးရာ ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စစ်တုရင်ပြိုင်ပွဲတွင် ကျောင်းသား ၁၅ ဦး၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)