စလင်း ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်၊ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ရန်အတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများ စာသင်တိုက်များရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ကို ယမန်နေ့ညနေ ၃ နာရီက စိန်ပန်းကျောင်းတိုက်ရှိ မဟာဣစ္ဆာသယကျောင်းတော်ကြီး၌ ကျန်းမာရေးဆရာ/ ဆရာမများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကုမာရ စိန်ပန်းကျောင်းတိုက်ဆရာတော်နှင့် အသက် (၁၈) နှစ်ပြည့်ပြီး ရဟန်းသံဃာများ စာသင်စာချဆရာတော်များနှင့် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသည့် ရဟန်းသံဃာများနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့်ပြီးသည့် ရဟန်းသံဃာများအား (Pfizer LP 8.1) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါကာကွယ်ဆေးသည် ယခင်ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများထက် ပိုမိုကောင်းမွန်ပြီး အသွင်ပြောင်း ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲပေါင်းများစွာကို ကာကွယ်ပေးနိုင်သည့်အတွက် ရဟန်းသံဃာများနှင့် ပြည်သူများအနေဖြင့် ထိုးနှံသင့်သော ကာကွယ်ဆေး ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော် လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုဆရာမများနှင့် သာသနာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းအောင်နှင့်သာသနာရေးဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်၍ ဆရာတော်သံဃာတော်အပါး (၁၅၀) အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)