မြို့သစ် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းခန်းမဆောင်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲက ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန်အတွက် မိဘများမှ သတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို ဦးစားပေးသင့်သည့် အခြေအနေများ၊ မိဘနှင့်သားသမီးကြားဆက်ဆံရေးအကြောင်းအရာများ၊ ကလေးငယ်များ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကျောင်းပေးရမည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်များနှင့် စာအုပ်များတို့အား ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ပြန်/ဆက်