ကြံခင်းမြို့၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းဆောင်ရွက်

ကြံခင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ကျော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာသင်‌ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည်။

ဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်က မီးသတ်ပညာရပ်များကို ကျောင်းအခြေပြုမှတဆင့် ပြည်သူများသိရှိစေရန်အတွက် ရည်ရွယ်ပြီး ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် မီးလောင်မှု ဖြစ်ပွားစေနိုင်သောအချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုကာ ဖြုတ်၊ ချိန်၊ ညှစ် စနစ်ဖြင့် မီးငြှိမ်းသတ် ခြင်းများအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုများဖြစ်ပွားလာပါက ကြိုတင် ပြင်ဆင်ရမည်နည်လမ်းများအား ဟောပြောပြီးနောက် အသက်ကယ်အင်္ကျီ (Life jacket) ဝတ်ဆင်ပုံ၊ စွန့်ပစ်ပစ္စည်းရေသန့်ဘူးခွံများဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ် ဝတ်ဆင်ပုံ၊ BA Set ဝတ်ဆင်ပုံများကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ဆောင်ရွက်စေခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှသန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်း၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် ၂၀၀ စောင်အား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းရှေ့ကွင်းပြင်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင် ဦးဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆီမီး(DCP)မီးသတ်ဆေးဘူးဖြင့် မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်စေခြင်း၊ အဝတ်ရေစိုဖြင့် အရေးပေါ်မီးငြှိမ်းသတ်ပုံ များကို သရုပ်ပြကာ လက်တွေ့ပူးပေါင်း၍ သင်ကြားလေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)