မော်လမြိုင်ကျွန်းမြို့နယ်၌ သုခမင်္ဂလာရွေ့လျားဆေးကုသရေးယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအခမဲ့ဆောင်ရွက်

မော်လမြိုင်ကျွန်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်းမီရရှိစေရေးနှင့် ရောဂါများကိုစောစီးစွာ ရှာဖွေကုသနိုင်စေရေး ရည်ရွယ်၍ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သုခမင်္ဂလာ ရွေ့လျားဆေးကုသရေး ယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ (၁၅) လမ်းရှိ ကုန်တင်ကုန်ချကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွင် ပထမဦးစွာ လူနာမှတ်ပုံတင်စာရင်း ရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးစစ်ဆေးပေးခြင်း၊ နှလုံးလျှပ်စစ်ဓာတ် မှတ်တမ်း (ECG) စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ လူမှုဖူလုံရေး ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်နှင့် မြို့နယ်လူမှုဖူလုံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇာမွန်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ရွေ့လျားဆေးကုသရေးအစီအစဉ်သည် ဒေသခံပြည်သူများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှုများကိုအနီးကပ်ရရှိစေပြီး ရောဂါများကို စောစီးစွာစစ်ဆေးဖော်ထုတ် ကုသနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)