မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း ဘီးလင်းမြို့နယ်ရှိ  ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်နှင့်ထောက်ပံ့ငွေများပေးအပ်

မော်လမြိုင် ဇူလိုင် ၁၂

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဉာဏ်လင်းထွေးနှင့် ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက  ဘီးလင်းမြို့နယ်သာသနာ့ဗိမာန်၌ ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံကာ အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ဦးစွာ ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌ ရဲမှူးမင်းတင်က ဘီးလင်းမြို့နယ်၏ မြစ်ရေကြီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအနေဖြင့်လည်း လိုအပ်ချက်များအခက်အခဲများ ကြုံတွေ့လာပါက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လာရောက်၍ အတတ်နိုင်ဆုံးထောက်ပံ့ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရေးအတွက် လာရောက်အားပေးကူညီရခြင်းဖြစ်ကြောင်း၊  ပြည်သူများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုကြရန်နှင့် မိဘများအနေဖြင့် ကျောင်းနေအရွယ်ကလေးများကို ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ပြည်နယ်လူမှုရေးဝန်ကြီးဦးတင်ဇော်ထွန်းနှင့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၊ အလှူရှင်များမှလှူဒါန်းသော ဆန်ရိက္ခာအလှူငွေနှင့် စားသောက်စရာများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများထားရှိရာ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာရပ်ကွက် အနိမ့်ပိုင်းဒေသရှိ ရေကြီးနစ်မြုပ်ခံခဲ့ရသည့်နေရာသို့  သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေများပြန်လည်ကျဆင်းပါက နေအိမ်များသို့ စနစ်တကျပြန်လည် ရွှေ့ပြောင်းရေး၊ ရေကြီးပြီးနောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)