ကျုံပျော် ဇူလိုင် ၁၀
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်၊ ရွာသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာ ယူသင့်သည့် အလေ့အကျင့်များကိုလည်းကောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်သင့်သည်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် Grade-9 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်ကောင်းမြတ်၊ မမိုးသီရိ၊ မောင်ခန့်ဇော်၊ မသိမ့်စန္ဒီတို့က လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား စသည့်အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။
ထို့နောက် စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည် များအားမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက် စာပေ ဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ရွာသစ်ကျေးရွာ အလကမှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)