ဟင်္သာတ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ဟင်္သာတတက္ကသိုလ်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟင်္သာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက အဖွင့်အမှာစကားပြောကြား၍ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါ်လင်းလင်းမြတ်က ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသောက်ရန်လိုအပ်ကြောင်း၊ စားသောက်မှုပုံစံကို ငယ်စဉ်ကပင်ပြုပြင်ပြောင်းလဲပေးရန် လိုအပ်ကြောင်း၊ တစ်နေ့လျှင် အနည်းဆုံးနာရီဝက်မှ ၁ နာရီထိ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ စားသုံးသင့်ပြီး ဆိုးဆေးနှင့် အဆိပ်အတောက်ဖြစ်စေသည့် အစားအစာများအား ရှောင်ကျဉ်ရမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ၊ ဦးစီးအရာရှိ ဒေါ်မေသန္တာက ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ခေါင်းစဉ်ဖြင့် ဆေးလိပ်တွင်ပါဝင်သည့် နီကိုတင်းဓာတ်သည် စွဲလန်းစေတတ်ကြောင်း၊ ကတ္တရာမှ အဆုတ်ရောဂါဖြစပေါ်စေကြောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် မျိုးဆက်ပွား ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မှတ်ဉာဏ်ကို လျော့နည်း စေကြောင်းစသည်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ ကျန်းမာရးမှူး(၁) ဒေါ်အေးအေးနွယ်က ကူးစက်ရောဂါများအကြောင်း ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုကြည်သန်း၊ ဒေါက်တာ မိုးမင်းစိုးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/ သူများ၊ ဟင်္သာတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)