ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကနောင်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မြန်အောင် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့အမှတ် (၃) ဈေးပိုင်းရပ်ကွက် နဝမဗုဒ္ဓစေတီအနီး ဆည်မြောင်းစွန့်ပစ်တာ အလျား ၁၆၀ ပေ၊ အနံ ၈ ပေခန့် ဧရာဝတီမြစ်‌ရေတိုက်စားမှု‌ကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ယမန်နေ့နံနနက်က ဒေသခံပြည်သူများ၊ ဌာနဆိုင် ရာများစုပေါင်း၍ ကမ်းပြိုကမ်းစားကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကမ်းပြိုမှု ဖြစ်ပွားသောနေရာအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ ကနောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်း၊ ကနောင်နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်အောင်ဆန်းကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ကနောင်နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ကနောင်မြို့ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်းနှင်းရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်ဒေသခံများမှ ကမ်းပြိုကာကွယ်ရေးကမ်းထိန်းရေကာရိုက်ခြင်း၊ သဲအိတ်ချခြင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးနှင့်တာဝန်ရှိသူများသည် ကနောင်မြို့အမှတ်(၁)၊ မြောက်ပိုင်းရပ်ကွက် ဆည်မြောင်းစွန့်ပစ်ရေကာတာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရေပေါ် ရေလွှဲတန်းများနှင့်ဝါးဖောင်ဖွဲ့ ရေတောင်ဝှေးဆောင်ရွက်ခြင်း (Floating Unit)ပေ ၃၀၀ ဆောင် ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှု၍ကမ်းပြိုကမ်းစားမှုကာကွယ်ရေး ဆက်လက်ဆောင်ရွက် မည့် အခြေအနေများကို ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)