လွိုင်ကော် ဇူလိုင် ၆
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကယားပြည်နယ်လူငယ်ရေးရာ ကော်မတီမှကျင်းပသော ၂၀၂၆ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားစွမ်းရည်ကို မြှင့်တင်ပေးရန်၊ ထူးချွန်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အမျိုးသမီးဘောလုံး အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍမြင့်မားရေးအတွက် အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ ပြည့်စုံအောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲများမှ ပြည်နယ်လက်ရွေးစင်အသင်းအတွက် အရည်အချင်းပြည့်ဝသည့် ကစားသမားများကို စိစစ်ရွေးချယ် မည်ဖြစ်၍ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန် စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကစားသမားများကို ကွင်းအတွင်း လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ဘင်ခရာတပ်ဖွဲ့က ဂုဏ်ပြုသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေကာ ကျောင်းသူများက သရုပ်ပြတင်ဆက်ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဘင်ခရာအဖွဲ့နှင့် သရုပ်ပြကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အ.ထ.က(လောပိတ) အသင်းနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်စုံ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၆ ရက်မှ ၁၇ ရက်အထိ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းတို့က ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)