လွိုင်ကော် ဇူလိုင် ၆
ကယားပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြောင်းသီးနှံစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ကယာပြည်နယ်) မှ ချေးငွေများ ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်သမဝါယမ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရဲဝင်းနှင့် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ကယားပြည်နယ်) မှ စိမ်းရောင်စို စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသို့ စိုက်ပျိုးစရိတ်မတည်ချေးငွေများပေးအပ်ရာ အသင်းသားနှစ်ဦးကလက်ခံရယူပြီး သမဝါယမအသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် စိမ်းရောင်စိုစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသား ၁၈ ဦးအား တစ်ဧကလျှင် ငါးသိန်းကျပ်နှုန်းဖြင့် ၁၃၄ ဧကအတွက် ငွေကျပ် ၆၇၀ သိန်း ထုတ်ချေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)