လွိုင်ကော်မြို့၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကျင်းပ

လွိုင်ကော် ဇူလိုင်

ကယားပြည်နယ် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို မန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မထောခူကျေးရွာအုပ်စု၊ သတ္တပလူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်းနှင့်တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့သည်။

ဦးစွာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥဒေများနှင့်စပ်လျဉ်းပြီး တိုင်းရင်းသားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင် စေရန်အတွက် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်း အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  တိုင်းရင်းသားများမိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်း၊ သမိုင်းအမွေအနှစ်တို့အပါအဝင်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို သိရှိစေရန်ဖြစ်ကြောင်း၊ မိမိတို့အတွက် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်မှ တိုင်းရင်းသားရေးရာဆိုင်ရာ ကိစ္စရပ်များကို မှန်မှန်ကန်ကန် သိရှိတင်ပြနိုင်ရန် ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းကောက်ယူခြင်းဖြင့် တိုင်းရင်းသားများ၏ ဘဝအသက်မွေး ဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်များကို သိရှိပြီး လိုအပ်သည့်ပညာရပ်များ ရရှိနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများအသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများအားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ တိုင်းရင်းသားရေးရာများအား အသိပညာပေးဟောပြော၍ ကယားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌမှ ကယားတိုင်းရင်းသားဘာသာဖြင့်ပြန်လည် ရှင်းလင်းပြောကြားခြင်းကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူငယ်များ ဗလငါးတန်ပြည့်ဝစေရေးအတွက် အသိပညာပေးခြင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  ညွှန်ကြားရေးမှူးကပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ခြင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိကောင်းစရာ Video Clip ကိုပြသခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက ဥပဒေ၊ နည်းဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်ခြင်း စစ်တမ်းကောက်ယူခဲ့ရာ သတ္တပလူကျေးရွာနေ ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ကျေးရွာသူ၊ ကျေးရွာသားများက လွိုင်ကော်ခရိုင် ပြန်ကြားရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်နှင့်စာဖတ်ခြင်းအကျိုး သိမှတ်စရာ အဆိုအမိန့်များ၊ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်လူငယ် အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကိုကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)