လွိုင်ကော်မြို့၌ ပထမအကြိမ်လက်ရက်ကန်းသင်တန်းဆင်းပွဲ၊ ဒုတိယအကြိမ်လက်ရက်ကန်း သင်တန်းဖွင့်ပွဲ၊ သဘာဝဆိုးဆေးနှင့် Botanical Printing သင်တန်းဖွင့်ပွဲကျင်းပ

လွိုင်ကော် ဇူလိုင် ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၏ ပထမအကြိမ် ခြောက်လလက်ရက်ကန်းသင်တန်းဆင်းပွဲ၊ ဒုတိယအကြိမ် ခြောက်လလက်ရက်ကန်း သင်တန်းဖွင့်ပွဲ၊ သဘာဝဆိုးဆေးနှင့် Botanical Printing သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက လွိုင်ကော်မြို့ ဒေါတမရပ်ကွက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရဲဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအုပ်ကြီး ဒေါ်မြမြချိုက သင်တန်းနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မိုးက ပထမအကြိမ် လက်ရက်ကန်းခြောက်လသင်တန်းဆင်းသူများအား ကုန်ချောပစ္စည်းများကိုလည်းကောင်း၊ ဒုတိယအကြိမ် ခြောက်လသင်တန်းသူအသစ်များအား သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသူများက အသီးသီးလက်ခံရယူကြသည်။

ထို့နောက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ကုန်ချောထည်များနှင့် ရက်ကန်းရုံများအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။

လွိုင်ကော်မြို့ရှိ လက်ရက်ကန်းခြောက်လသင်တန်းသို့ အခြေခံပညာမူလတန်းအောင်မြင်ပြီး အသက် ၁၆ နှစ်မှ ၂၅ နှစ်အထိ၊ စက်ရက်ကန်းတစ်နှစ်သင်တန်းသို့ အခြေခံပညာအလယ်တန်းအောင်မြင်ပြီး အသက် ၁၆ နှစ်မှ ၂၅ နှစ်အထိရှိသူများ တက်ရောက်နိုင်ပြီး သင်တန်းပြီးမြောက်ပါက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ကိုယ်ပိုင်စက်ရုံ၊ အလုပ်ရုံလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)