ခေတ္တကယားပြည်နယ်ဝန်ကြီးချုပ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

လွိုင်ကော် ဇူလိုင် ၁

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးသန်းစိုးအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

ဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၏ စီမံခန့်ခွဲမှု စွမ်းရည်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမြင်များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဗဟိုပြု ဝန်ဆောင်မှုပေးရန်နှင့် ပြည်နယ်အတွင်း အေးချမ်း တည်ငြိမ်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန် စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ချီးမြှင့်ငွေများကို ပေးအပ်ရာ လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ချီးမြှင့်ငွေများကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

အဆိုပါသင်တန်းတွင် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၄၉) ဦးကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုဘာသာရပ်၊ ဘဏ္ဍာရေးနှင့် စာရင်းဇယားထိန်းသိမ်းမှုဆိုင်ရာများကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် နည်းပြများက ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်အထိ ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)