ဘောလခဲမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း ဖွင့်လှစ်

ဘောလခဲ ဇူလိုင် ၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘောလခဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့်ဦးစီးတာဝန်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သစ်တောဥပဒေညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာများ၊ လဝကလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးသည့် ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ယစ်မျိုးနှင့် ဓာတ်သတ္တုအမှုတွဲတည်ဆောက်ခြင်း လုပ်ထုံးလုပ်နည်းများ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့အသုံးပြုလျက်ရှိသည့် မီးသတ်ဥပဒေဘာသာရပ်များ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အခြားနည်းသုံးစွဲခွင့်လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးဓာတ်မြေဩဇာဥပဒေနှင့် သီးနှံအထွက်တိုးဆောင်ရွက်ရေးနည်းလမ်းများနှင့် အခြားဝန်ထမ်းရေးရာနှင့် ပတ်သက်သည့် ဘာသာရပ်များကို ဇူလိုင်လ(၁) ရက်နေ့မှ ဇူလိုင်လ (၂၈) ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်