တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပ

စစ်တွေ  ဇွန် ၂

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များဆိုင်ရာ လေ့လာသုံးသပ် ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာပြီး ဒုတိယပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့)သို့ မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားကာ လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ဆက်လက်၍ မင်းပြားမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းထွန်းက တင်သွင်းပြီးဖြစ်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသည့် ခေတ်မီစက်ကိရိယာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးဝါးများကိုဖြည့်ဆည်းပေးနိုင်ရေးနှင့် ခေတ်မီဆေးရုံကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြန်လည်ဆွေးနွေးကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ကိုရယူသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ဆဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ဇွန် ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း ကြေညာကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်