မိုးညိုမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲပြုလုပ်

မိုးညို        ဇွန်    ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့သည်။    

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဖုန်းလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းတို့က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်စုနန္ဒာဇော်က သင်တန်းပြီးဆုံးသွားပြီဖြစ်သည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများအနေဖြင့် ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကိုယခင်ကထက်ပိုမို သိရှိနိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူတွေကို ဥပဒေအသိပညာပြန့် ပွားနိုင်ရေးအတွက် တစ်စိတ်တစ်ဒေသအနေဖြင့် သင်တန်းပို့ချပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။  

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး (၄၂) ဦးတက်ရောက်ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၅ ရက်ကြာသင်တန်းပို့ချ ပေးခဲ့ကြောင်းသိရသည်။

ကိုမင်း(ပြန်/ဆက်)