ပန်းတောင်းမြို့နယ်၌ ရေပြင်အသက်ကယ်သဏ္ဍန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ပန်းတောင်း ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သရက်လိန်ကျေးရွာအုပ်စု၊ သူရဲဇီးကျေး ရွာတွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရေပြင်အသက်ကယ်သဏ္ဍန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၇:၃၀)အချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာ စကားပြောကြားရာတွင် မီးသတ်သတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင် ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့်အညီစဥ်ဆက်မပြတ်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအားတာဝန်အပ်နှံခြင်းများဆောင်ရွက်ခဲ့သည်။

ထို့နောက် ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြသရုပ်ပြခြင်းကို ဆက်လက်ဆောင်ရွက်ရာ ဒုတိယဦးစီးမှူး ဦးမျိုးသူ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရအား ချိတ်ဆက်အလေးပြုကြသည်။

ယင်းနောက် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများက မုန်တိုင်းကျရောက်နိုင်မည့် အခြေအနေများနှင့် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်သည့် အခြေအနေများကို မိဘပြည်သူများသိရှိစေရန် လှည့်လည်ဆော်ဩသရုပ်ပြခြင်း၊ ရေနစ်မြုပ်နေသူများအား ရှာဖွေကယ်ဆယ်ရေးရေယာဉ်နှင့် Life Jacket များ အသုံးပြု၍ ကူညီကယ်ဆယ်မှုသရုပ်ပြခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုသရုပ်ပြသခြင်း၊ မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို ရှာဖွေကယ် ဆယ်ရေး ရေယာဉ်များဖြင့် ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းခြင်း စသည့် ရေပြင်အသက် ကယ်နည်း အဆင့်ဆင့်ကို လက်တွေ့ဇာတ်တိုက် သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)