တောင်ငူမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲကျင်းပ

တောင်ငူ  ဇွန် ၂၇

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) ကို ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်တန်းဆင်းပွဲကျင်းပသည်။

ထိုသို့ကျင်းပရာတွင် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ ခရိုင်ဥပဒေအရာရှိ ဦးတင်မောင်မောင်ကျော်နှင့် တောင်ငူမြို့နယ် ဥပဒေအရာရှိ ဦးဟိန်းမျိုးလွင်တို့က သင်တန်းတက်ရောက်ခဲ့သည့် တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၆၁) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ လောင်းကစား ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေတို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)