ကယားပြည်နယ်၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

လွိုင်ကော် ဇွန် ၂၇

(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ ကယားပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိသည့်ကြားမှ မူးယစ်ဆေးဝါးအန္တရာယ်က ခြိမ်းခြောက်လျက်ရှိနေဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ တရားမဝင်သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများကိုအရှိန်အဟုန်မြှင့်တားဆီးနှိမ်နင်းရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည့်အတွက် ပူးပေါင်းဆောင်ရွက်ကြရန်စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ (၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကို ကယားပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌက ဖတ်ကြားသည်။

ထို့နောက် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အလွတ်တန်း ဝတ္တုတို၊ ဆောင်းပါးနှင့် ကွန်ပျူတာပိုစတာပြိုင်ပွဲဗဟိုအဆင့်တွင်အထူးဆုရရှိသူများ၊ ပြည်နယ်တရားသူကြီးချုပ်က အလွတ်တန်းဝတ္တုတိုပြိုင်ပွဲတွင် ပြည်နယ်အဆင့်ဆုရရှိသူများ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အလွတ်တန်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဆောင်းပါး၊ ကဗျာ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများတွင် ပြည်နယ်အဆင့်ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ပြည်နယ်/ပြန်ဆက်