အုတ်တွင်း ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြိုနယ် ဥပဒေရုံးမှ နိုင်ငံသားတိုင်းတရား ဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေးနှင့် ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရေးအတွက်ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဆရာဖြစ်သင်တန်း(TOT)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မိုးဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေစသည့် ဥပဒေဆိုင်ရာဘာသာရပ်များအား ဇွန် ၂၂ ရက်မှ ဇွန် ၂၆ ရက်နေ့ထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၄၉)ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ဥပဒေအရာရှိထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)