သဲကုန်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ဒေသခံတောင်သူများအနေဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချရေး၊ သဘာဝမြေသြဇာပြုလုပ်၍ ပိုမိုသုံးစွဲရေးရည်ရွယ်၍ ဇီဝမီးသွေးမြေသြဇာ (Biochar) ထုတ်လုပ်နည်းတောင်သူများအား လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က သဲကုန်းမြို့နယ် ဟင်းသီးဟင်းရွက်နှင့်ပန်းမန်ဗဟိုသုတေသနဌာနတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဝင်းက ဇီဝမီးသွေးမြေဩဇာ (Biochar) ထုတ်လုပ်ပုံအဆင့်အဆင့်၊ ဓာတ်မြေသြဇာထုတ်လုပ်ရာတွင် လိုအပ်သောပစ္စည်းများ၊ သုံးစွဲရခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်ကုန်တိုးမြှင့်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတော်မှ ပံ့ပိုးကူညီနေမှုများ၊ နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများအား သဘာဝမြေသြဇာအဖြစ် သုံးစွဲနိုင်စေရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ "ဇီဝမီးသွေးဓာတ်မြေသြဇာ (Biochar)" စပါးခွံမီးသွေးပြုလုပ်ခြင်းနှင့် စပါးခွံပေါင်းခံရည်ရယူခြင်းတို့ကို လက်တွေ့ပြုလုပ်ပြသဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့်ဝန်ထမ်းများ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်ဗဟိုသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)