ကြို့ပင်ကောက် ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများလိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနိုင်ရေးအတွက် စိုက်ပျိုးရေးအရောင်းဆိုင်များအားကွင်းဆင်း စစ်ဆေးခြင်းကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များက တောင်သူများ ဝယ်ယူအသုံးပြုနေသော ဓာတ်မြေဩဇာများ အရည်အသွေးနှင့် အလေးချိန် မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက်ပိုမိုရောင်းချမှု မရှိစေရေး၊ စည်းကမ်းများနှင့်အညီ အရည်အသွေးမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ သိုလှောင်ပြီးဈေးကစားခြင်းများ မရှိစေရေး၊ ဓာတ်မြေဩဇာများထားသိုပုံ နည်းစနစ်မှန်ကန်စေရေးတို့အား စစ်ဆေးပြီး လိုအပ်ချက်များကို စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်ရှင်များအား အသိပညာပေး လမ်းညွှန်ခဲ့သည်။
ထိုသို့စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ရုံးတို့မှ ဝန်ထမ်းများ ပူးပါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)