တောင်ငူ ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများသည် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင်တရားရုံး၌ တရားခွင် လက်တွေ့မှုခင်းစစ်ဆေးမှုအား လာရောက်လေ့လာကြသည်။
ထိုသို့ လာရောက်လေ့လာရာတွင် တောင်ငူတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအေးအေးကြိုင် ဦးဆောင်သော ဆရာ၊ ဆရာမ (၇) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတို့အား ခရိုင်တရားသူကြီး ဦးကြည်မင်းစိုးနှင့် တရားသူကြီးများ၊ တရားရေးအရာရှိများက ခရိုင်တရားရုံးရှိ အမှုတင်သွင်းရန်ဌာန (Intake Counter) ၊ စုံစမ်းရန်ဌာန (Information Center)၊ မိတ္တူကူး၊ ဘီလစ်ငွေသွင်းရန် ကောင်တာတို့၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြသခဲ့ကြသည်။
ထို့နောက် တရားခွင်များတွင် ရာဇဝတ်မှုနှင့် တရားမမှုများစစ်ဆေးမှုတို့ကို ဆက်လက်လေ့လာစေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လွှင့်တင်ထားသော RCMS (Ruling Content Management (RCMS) Online Content Search System) အသုံးပြုပုံနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဝက်ဘ်ဆိုက် (www.unionsupremecourt.gov.mm) ကို ဝင်ရောက်လေ့လာနိုင်ကြောင်း Projector ဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)