ဇီးကုန်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရေဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ဇွန်လ ၂၅ ရက် နံနက်ပိုင်းတွင် ဇီးကုန်မြို့နယ် စမ်းအိုင်ကျေးရွာ၌ ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်ဦးက ကျေးလက်ပြည်သူများအား မိုးတွင်းကာလ မြစ်၊ ချောင်းများမှ ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့လာပါက လုပ်ဆောင်သင့်သည့်အချက်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆောင်ရန် ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားကာ life jacket ဝတ်ဆင်ပုံ၊ ရေသန့်ဘူးဖြင် အရေးပေါ်အသက်ကယ်အင်္ကျီပြုလုပ်ပုံတို့ကို လက်တွေ့ပြသခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ကလူ ရေပြင်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြသမှုလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ အဆိုပါ ဆောင်ရွက်မှုအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)