ပန်းတောင်း ဇွန် ၂၆
ပန်းတောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နေ့လယ်က ဒေသတွင်းရှိ ကျေးရွာအုပ်စုအသီးသီးသို့ လှည့်လည်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတောင်းမြို့နယ် ဘုရားပေါ်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ စွယ်တော်ကျေးရွာများရှိ မကွေးနှမ်းနက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေ၊ နှမ်းမှုန်းခြင်းဆောင်ရွက်နေမှုအခြေအနေ၊ နှမ်းအတန်းလိုက် စိုက်ပျိုးထားရှိမှုအခြေအနေ၊ နှမ်းခင်းအား နွားကျင်ငယ်ရည်ပတ်ဖြန်းခြင်းနှင့် နွားထယ်ဖြင့် ကြားဆွဲထွန်ယက်စိုက်ပျိုးနေမှု အခြေအနေကိုလည်းကောင်း၊ ပေရွာကြီးကျေးရွာရှိ ယာမြေ (၁.၅) ဧကရှိ ကြောင်ရှာပင်၊ ဩဇာပင်၊ ခရမ်းချိုပင်များ သီးညှပ်စိုက်ပျိုးထားရှိမှုအခြေအနေကိုလည်းကောင်း၊ မကြီးထုံးကျေးရွာနှင့် တောင်ဘွေကျေးရွာတို့ရှိ ဗီယက်နမ်မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ဆင်းသုခမျိုး မိုးစပါး (Drum Seeder) စိုက်ခင်းစိုက်ပျိုးထားရှိမှုအခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ပန်းတောင်းမြို့နယ်၊ ကြခတ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်ပညာရေးဦးစီးဌာနမှ ဆရာ/ ဆရာမများနှင့် တွေ့ဆုံ၍ စက်စိုက်မွေးကျောင်းသားရရှိရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ရုံးဝန်ထမ်းများကိုလည်း တရင်းတနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)