ကျောင်းကုန်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ် (၄) ရပ်ကွက် အခြေခံပ ညာအထက်တန်းကျောင်း (ခွဲ) အောက်ပိုင်းကျောင်းတွင် ယနေ့နံနက် ၉နာရီခွဲ အချိန်ခန့်က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) "လမင်းစီမံချက်" ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ပေးအပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းစိန်၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်နှင့် မြို့နယ် လ.ဝ.ကဦးစီးမှူး ဦးဇော်မင်းဦးတို့ လာရောက်ကြည့်ရှုအားပေး၍ နိုင်ငံစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များအား ကျောင်းသား/သူ (၂၂၅) ဦး တို့၏ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။
အလားတူ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျောင်းသား /သူ (၃၄၂) ဦး၊ အ.လ.က (ညောင်သာယာ) ကျောင်းစုရပ်၌ (၁၉) ဦးနှင့် အ.လ.က (ကျောင်းအိုင်) ကျောင်းစုရပ်၌ (၃၇) ဦးတို့၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)