မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုး

ပုသိမ် ဇွန် ၁၈

ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ စိန်ကုန်း-ပုသိမ်-ငွေဆောင်ကားလမ်းဘေးတွင် ပြုလုပ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” ဆောင်ပုဒ်နှင့်အညီ နှစ်စဉ်မိုးရာသီတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးဆောင်သော ဝန်ထမ်းများမှ  ခရေ(၂၀)ပင်၊ ကံ့ကော်(၂၀)ပင်၊ ပိတောက်(၂၀)ပင်၊ ရွှေတမာ(၂၀)ပင်၊ စိန်ပန်းပင်(၂၀)ပင် စုစုပေါင်း(၁၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ် ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေ(Green Space) များ တိုးပွားလာစေရေးတို့အတွက် နှစ်စဉ်ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားများကို ကျင်းပလျက်ရှိကြောင်း သိရပါသည်။

ကျော်ဟိန်း(ပြန်/ဆက်)