ကျုံပျော် ဇွန် ၁၈
ကျောင်းသား ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ပညာကောင်းစွာ သင်ယူနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ မြို့နယ်အဆင့် ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်မှုသင်တန်းကို ဇွန်လ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ စုစုပေါင်းအင်အား ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်မိုးက ကျောင်းအခြေပြု ကျန်းမာရေး အသိပညာမြှင့်တင်မှု လုပ်ငန်းများအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်းက ကျောင်းသား ကျောင်းသူများ ကျန်းမာရေးနှင့် အညီနေထိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကိစ္စများအား လည်းကောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းအခြေပြု ကျန်းမာရေး အသိပညာမြှင့်တင်မှု လုပ်ငန်းများတွင် ဆောင်ရွက်ရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး၊ အမှိုက်ကင်းစင်ကျောင်း၊ မျိုးဆက်ပွား ကျန်းမာရေး၊ ကျောင်းတွင်းအဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး စသည့်အကြောင်းအရာများအား ကျုံပျော်မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာ/ဆရာမကြီးများအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)