ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ် (၄၁) သူနာပြု-သားဖွား ဒီပလိုမာသင်တန်းဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည်နှင့်အမျှ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်သော၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော နိုင်ငံ့အကျိုးပြုသူနာပြုကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှလည်း အဖက်ဖက်က ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သူနာပြု-သားဖွားများသည် ပင်ကိုယ်သဘာဝ စိတ်ရောကိုယ်ပါဖြူစင်သူများ၊ နူးညံ့သိမ်မွေ့သူများ၊ ယဉ်ကျေးပျူငှာသူများ ဖြစ်ကြသည့်အတွက် အဖြူရောင်ကို အရောင်ဆိုးရလွယ်သလို မလိုလားအပ်သူများ၏အရောင်ဆိုးမှုကို ခံရတတ်ပါကြောင်း၊ စနစ်တကျ လေ့ကျင့်ပျိုးထောင်ထားသော သူနာပြုကောင်းများရှိခြင်းသည် လူထုကိုပိုမိုကျန်းမာစေပြီး နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်စွမ်းအားနှင့်စီးပွားရေးကို တိုက်ရိုက်အထောက် အကူပြုစေနိုင်ကြောင်း၊ အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်ပြီးကြံ့ခိုင်သော ကျန်းမာရေးစနစ်တစ်ခုကို တည်ဆောက်ရန်အတွက် သူနာပြုများကိုတန်ဖိုးထားရန်နှင့် ပံ့ပိုးကူညီရန်လိုအပ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ သူနာပြုသိပ္ပံ(ပုသိမ်)ကျောင်းအုပ်ကြီး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင်တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် လူမှုထူးချွန်ဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)