အင်္ဂပူ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.ထ.က (ဇောင်းတန်း)တို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အ.ထ.က (ဇောင်းတန်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ဇောင်းတန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရင်ရင်ထွန်းက စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အတူ Grade-12 မှ မောင်မင်းမောင်စွမ်းက “လူငယ်နှင့်အားကစား”၊ Grade-11 မှ မောင်ကောင်းမြတ်စံက “လူငယ်နှင့်နည်းပညာ”၊ Grade-10 မှ မနော်ဧကရီထွန်းက “လူငယ်နှင့်ကျန်းမာရေး”၊ Grade-9မှ မယွန်းတွယ်တာက “လူငယ်နှင့်ရိုးရာယဥ်ကျေးမှု”၊ Grade-8 မှ မောင်ပြည့်သိန်းက “လူငယ်နှင့်စာပေ” စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပြီး တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရင်ရင်ထွန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များ ပြသထားမှုကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)