မိုးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် ကွင်းသရုပ်ပြသ

ဟင်္သာတ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် လက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တလုတ္ထော်ကျေးရွာအုပ်စု၊ တလုတ္ထော်ကျေးရွာ၊ ကွင်းအမှတ်(၁၂၆၅)၊ ဦးပိုင်အမှတ်(၁၆၆)တောင်သူ ဦးညွန့်ဝင်းလှိုင်၏ လယ်မြေ (၁၅.၀၀)ဧကေပါ်တွင် ကျင်းပခဲ့သည်။

ကွင်းသရုပ်ပြပွဲတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက တောင်သူများအနေဖြင့် မိုးစပါးလျာထားချက် ပြည့်မီအောင်စိုက်ပျိုးရန်၊ စိုက်ဧကများတွင် အထွက်နှုန်းတိုးမြှင့်စေရေးအတွက်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းအပြင် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် စိုက်ပျိုးခြင်းအားဖြင့် သီးနှံများ အထွက်နှုန်းတိုးတက်စေခြင်း၊ မျိုးစေ့အလေအလွင့် နည်းပါခြင်းကို တောင်သူများအား  မှာကြားပါသည်။ ထို့နောက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeders)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြခြင်းကို အားပေးကြည့်ရှုပါသည်။ အဆိုပါ ကွင်းသရုပ်ပြပွဲကို ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးလှိုင်ထွန်းနှင့် ခရိုင်နှင့်မြို့နယ် စိုက်တိုးမြှင့် အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)