ပြည် ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဝါးအခြေခံစက်မှု/ လက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ တောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအနေဖြင့် စိုက်ပျိုးရာသီ အချိန်မီစိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များအား ရွေးချယ်စိုက်ပျိုးရန်၊ တစ်ဧက စိုက်ပျိုးစရိတ်သက်သာစေရေး သဘာဝမြေဩဇာအား သုံးစွဲရန်နှင့် တစ်ဘက်တစ်လမ်းမှ စားဖိုသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဲဆန်ကုန်းကြောလယ်မြေများအတွက် ယာ ၁၄ မျိုးစပါး၊ ရာသီမရွေး မျှစ်ချိုထုတ်လုပ်ရောင်းချနိုင်သည့် ကန်စွန်းဝါးပျိုးပင်နှင့် စားဆောင်သီးနှံ မျိုးစေ့များအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဒေသခံတောင်သူများအတွက် သဘာဝမြေဩဇာနှင့် သီးနှံမျိုးစေ့များ ထပ်မံပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ဒေသခံတောင်သူများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် သီးနှံအထွက်နှုန်း မထိခိုက်စေသော ဓါတ်မြေဩဇာအစားထိုး စပါးခွံမီးသွေး (Biochar) ပြုလုပ်နေမှုအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဦးမင်းမင်းစိုး၏ နွားချေးနှင့် ကြံမြုပ်ချေး အခြေခံထုတ်လုပ်ထားသည့် “ရွှေပင်ဆင့်” သဘာဝမြေဩဇာ ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် သွင်းကုန်အစားထိုးလုပ်ငန်းများဖြစ်၍ တာဝန်ရှိသူများက အားပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့နယ်၊ ထမကောက်ကျေးရွာအုပ်စု၊ ဇရစ်ချောင်းကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း မိုးကြိုနှမ်းဧက (၁၆၀) စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး နှမ်းစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းတိုးတက်စေရေး သိပ္ပံနည်းကျပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများအား လွယ်ကူရိုးရှင်းစွာ သဘောပေါက်နားလည်စေရေး ရှင်းလင်းပြောကြားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်းပန်းခြံဘက်စုံအဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ စဉ်ဆက်မပြတ် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၌ ဝါးအခြေခံလူသုံးကုန် အချောထည်ထုတ်လုပ်လျက်ရှိသည့် ဦးတင်ကိုလင်း၏ Mi Bamboo Factory သို့ သွားရောက်ခဲ့ပြီး ဒေသထွက်ဝါးကျစ်များအား ပေါင်းခံခြင်း၊ အခြောက်ခံခြင်း၊ အပူပေးခြင်း၊ ရေငွေ့ထုတ်ခြင်း၊ ပုံသွင်းခြင်း၊ အချောထည်ထုတ်လုပ်ခြင်းနှင့် ပိုးမွှားရာသီဥတုဒဏ်ခံနိုင်ရန် ဆေးသုတ်ခြင်း စသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်ထားသည့် ပရိဘောဂအမျိုးမျိုးအား ကြည့်ရှုအားပေးခဲ့ပြီး ကုန်ကြမ်းပစ္စည်းများ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဝါးစိုက်ပျိုးနိုင်ရေးပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)