ငွေဆောင် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ. က - ငွေဆောင်) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာ အသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ "မြသီတာခန်းမ" ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်း မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊အ.ထ.က (ငွေဆောင်) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘ အုပ်ထိန်းသူများ စုံစုံလင်လင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးက ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ သိရှိလိုက်နာရမည့် ကျောင်းစည်း ကမ်းချက်များ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများနှင့် ကျောင်းအကျိုး တော်ဆောင်နှင့် မိဘဆရာအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ ပူးပေါင်းဆောင် ရွက်သွားရမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က( ငွေဆောင်)မှ အထက်တန်းပြဆရာမ ဒေါ်ခင်နွဲ့မှပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျောင်းစည်းကမ်းချက်များနှင့် စာမေးပွဲကိစ္စရပ်များကို ရှင်းလင်းပြောကြား ခဲ့ပြီးကျောင်းအကျိုးတော်ဆောင်တစ်ဦးနှင့် ကျောင်းကော်မတီဝင်တစ်ဦးတို့မှ ကျောင်းဘက် စုံဖွံဖြိုး တိုးတက်ရေးနှင့်ပက်သက်၍ အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများက ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အများသဘောတူ ညီချက်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအကျိုး တော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်း ကို စနစ်တကျ ရွေးချယ် ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး ( ပြန်/ဆက်)