၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှု ပလတ်စတစ်ခြင်း ရက်လုပ်ခြင်း သင်တန်းဖွင့်လှစ်

ပုသိမ် ဇွန် ၁၅

၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပလတ်စတစ်ခြင်း ရက်လုပ်ခြင်းသင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်သက်သက်ဆွေက “ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ ပလတ်စတစ်ခြင်းရက်လုပ်ခြင်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ စွမ်းဆောင်မှုတစ်တပ်တစ်အား ပါဝင်နိုင်စေရေး၊ မိသားစုဝင်ငွေတိုးတက်စေရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးတို့အတွက် ကြိုးပမ်းကြစေလိုကြောင်း၊ မည်သည့်ပညာရပ်မဆို အဖိုးထိုက်တန်၍ ပြီးဆုံးသည်မရှိသည့်အတွက် ယခုသင်တန်းပြီးဆုံးသည့်အခါ ပိုမိုခေတ်မီသော နည်းစနစ်များကို လေ့လာပြီး မိသားစု အားကိုးအားထားပြုရသော အိမ်ထောင်စု၏ ပဲ့ကိုင်ရှင်များ ဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းမှူး ဆရာမများအား သင်တန်းတွင်အသုံးပြုရန် ကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက ပလပ်စတစ်ခြင်းထိုးလက်မှုပြုလုပ်သော ကုန်ကြမ်းပစ္စည်းများအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ပလတ်စတစ်ခြင်း ရက်လုပ်ခြင်းသင်တန်းကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ (၉) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)