ချောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ချောက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အသားဆိုင်များတွင် အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး အပတ်စဥ်ကွင်းဆင်းကြပ်မတ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်ဈေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အသားများ ဝယ်ယူနိုင်စေရန် လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော အမဲသား၊ ဝက်သား၊ ဆိတ်သားစျေးနှုန်းများနှင့် အသားအရောင်းဆိုင်များတွင် ရောင်းချရန် သတ်မှတ်ပေးထားသည့်စျေးနှုန်းများ ကွာခြားမှုမရှိစေရေး၊သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ပေးထားသည့် အသားစျေးနှုန်းများအား ပြည်သူများ သိရှိစေရန် ဗီနိုင်းဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ သတ်မှတ်စျေးနှုန်းများအား စျေး၀ယ်သူများ သိရှိစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)