ကျိုက်လတ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရွှေခရုဖျက်ဆီးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သီးနှံအထွက်နှုန်းတိုးစေရန် ရည်ရွယ်၍ ရွှေခရုကြိုတင်ကာကွယ် နှိမ်နင်းခြင်း နည်းပညာပေးဆွေးနွေးပွဲကိုယနေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းက ရွှေခရုကြိုတင်ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဓာတ်မြေသြဇာ အကျိုးရှိစွာသုံးစွဲရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးအကြောင်း၊ သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲရေး၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောနှောအသုံးပြုရေး၊ ရွှေခရု၏ သွင်ပြင် လက္ခဏာ၊ မျိုးပွားခြင်း၊ စားသောက်နေထိုင်ပုံ၊ ဖျက်ဆီးမှုလက္ခဏာ၊ ကာကွယ်နှိမ်နင်းခြင်း နည်းပညာ စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ခရုအန္တရာယ်ကင်းဝေးဖို့ စုပေါင်းကာကွယ် နှိမ်နင်းစို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်