စစ်တွေမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်

စစ်တွေ   ဇွန်   ၉

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများသည် နိုင်ငံတော်ကချမှတ်ထားသည့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ ဒေသအတွင်းတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း (၇)ခု အနက် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ကို ရွေးချယ်ခဲ့ပြီး ဒေသခံပြည်သူများ၏ တောင်းဆိုမှုအရ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးဖြင့် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိဒေသအတွင်း လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာပြီး ဒေသခံပြည်သူများလည်း အလုပ်အကိုင် အခွင့်အလမ်းရရှိလာမည့်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပေးသည့် ဘာသာရပ်များကိုအသုံးချပြီး ဒေသအတွင်း တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်အောင် ကြိုးစားဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယကတို့က လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများအား ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြကာ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး